ကြိုးစားပါလျှက် မအောင်မြင်သည့်အခါ ဒီယင်ကောင်ကို သတိရပါ

2 107
Avatar for MYOHTETLINN
3 years ago

လမ်းမသိသောယင်ကောင်

မီလ်ခရော့(ဖ)စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုထဲမှာ ကျွန်တော်ထိုင်နေသည်။ စားသောက်ဆိုင်က တိုရွန်တိုမြို့ပြင်ဘက် တစ်နာရီခရီးလောက်မှာရှိနေသည်။ ထင်းရှူးပင်များကြားမှာ ပုန်းလျှိုးတည်ရှိသည့်ငြိမ်းချမ်းသောနေရာကလေး။

သို့သော် ကျွန်တော်နှင့် သုံးလေးပေအကွာလောက်မှာ သေရေးရှင်ရေးတမျှ အမောတကောကြိုးပမ်းရုန်းကန်နေသံတစ်ခု ကျွန်တော်ကြားနေရသည်။ ယင်ကောင်လေးတစ်ကောင် ပြတင်းမှန်ချပ်ကိုဖောက်ထွက်နိုင်ရန် အသည်းအသန်ကြိုးစားနေခြင်းပင်။ သူ့ခန္ဓာကိုယ်၌ ကြွင်းကျန်သမျှ စွမ်းအားကို ဖြစ်နိုင်စရာမရှိသည့် သည်အရေးကိစ္စကြီးအတွက် သူဖြုန်းတီးနေသည်။

ညံသထက်ညံလာသည့်တောင်ပံခတ်သံက ကြေကွဲဖွယ်ကောင်းလှသည့် ယင်ကောင်၏ လုပ်ငန်းလမ်းစဉ်ကိုဖော်ပြနေသည်။ ကြိုးစား၊ မအောင်မြင်လျှင် သည့်ထက် သည့်ထက် ပိုကြိုးစား ဟူသော လုံ့လဝါဒလမ်းစဉ်။ သို့သော် လောလောဆယ် သည်လမ်းစဉ်က အလုပ်မဖြစ်ပေ။

အသည်းအသန် ကမူးရှူးထိုး ကြိုးစားနေခြင်းကြောင့် သူ့အတွက် လွတ်လမ်းပေါ်မလာ။ ရှင်သန်မည့်အလားအလာလည်း စိုးစဉ်းမျှမမြင်ရ။ စင်စစ်မစဉ်းမစား အားထုတ်နေမှုကြောင့်ပင် သည်ထောင်ချောက်အတွင်းမှ သူထွက်မရခြင်းဖြစ်သည်။ သူမည်မျှပင် ပို၍.ပို၍ အားထုတ်ရုန်းကန်သော်လည်း ပြတင်းမှန်ချပ်ကိုကား ဖောက်ထွက်လာနိုင်စရာ အကြောင်းမရှိ။

မည်သို့ပင်ဖြစ်စေ၊ ယင်ကောင်လေးကတော့ သူ့ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် အသက်ပင်သေသေဟူသော စိတ်ဓာတ်မျိုးဖြင့် ကျားကုတ်ကျားခဲ အားထုတ်ရုန်းကန်သွားရန် သန္နိဋ္ဌာန်ခိုင်မာလျက် ရှိနေသည်။ ဝမ်းနည်းစရာပင် ယင်ကောင်၏ဘဝနိဂုံးကို သိမြင်နေရသည်။သူသည် သည်ပြတင်းပေါက်ဘောင်ပေါ်၌ပင် သေပွဲဝင်ရမှာသေချာလျက်ရှိသည်။

စင်စစ်အခန်း၏တစ်ဖက်ခြမ်းသည် မှန်ပြတင်းမှ ခြေဆယ်လှမ်းခန့်အကွာ၌ တံခါးတစ်ခုသည် ဟင်းလင်း ပွင့်လျက်ရှိ၏။ သုံးလေးစက္ကန့် ပျံသန်းရုံဖြင့်ပင် ယင်ကောင်ငယ်သည် သူမျှော်လင့်တောင့်တသည့် ပြင်ပကမ္ဘာ သို့ လှစ်ခနဲ ရောက်ရှိသွားနိုင်၏။ သည်မှာ အသည်းအသန် အားထုတ်ရုန်းကန်နေသည်ကို ခဏလေးနားကာ ဘေးဘီသို့အသာလှည့်ကြည့်ရုံဖြင့် မိမိဘာသာထည့်သွင်းထားသည့် လှောင်ချိုင့်တွင်းမှ သူလွတ်မြောက်သွားနိုင်၏။

မှန်နံရံကို ဖောက်ထွက်နိုင်သောအခွင့်အလမ်း သို့မဟုတ် သည်အခန်းတွင်းမှလွတ်မြောက်နိုင်သော အခွင့်အလမ်းသည် ထိုအနီးအနားလေးမှာပင်ရှိနေ၏။ သိသူအတွက်ကား လွယ်ကူလှသည်။ ဇွဲကြီးလှသော ထိုယင်ကောင်သည် အဘယ်ကြောင့်နောက်တစ်မျိုးပြောင်း၍ ကြိုးစားရကောင်းမှန်းမသိခဲ့ပါသနည်း။ သူရွေးချယ်ခဲ့သည့် တစ်ခုတည်းသော နည်းလမ်းကို အဘယ်ကြောင့် သည်မျှ သဲသဲမဲမဲစွဲနေရသနည်း။ သည်နည်းလမ်းအတိုင်း ကျားကုတ်ကျားခဲလုပ်ခြင်းသည်သာ အောင်မြင်မှုရရန် အသေချာဆုံးဖြစ်သည်ဟု အဘယ်ကြောင့် သည်မျှ စွဲလမ်းယုံကြည်နေရသနည်း။ သေချင်သေပစေ သည်နည်းလမ်းအတိုင်းပဲ စွဲစွဲမြဲမြဲ အားထုတ်သွားမည်ဟူသောစိတ်သည် ဘယ်သို့သော ကျိုးကြောင်းဆင်ခြင်မှုမျိုးမှ ပေါ်ပေါက်ခဲ့သနည်း။

ယင်ကောင်အနေနှင့်တော့ သူ၏လုပ်ငန်းလမ်းစဉ်သည်ပင် ကျိုးကြောင်းအသင့်မြတ်ဆုံးလမ်းစဉ် ဖြစ်ချင်ဖြစ်နေ ပါမည်။ သို့သော် ဝမ်းနယ်းဖွယ်ကောင်းသည်က သူ့အယူအဆ သူ့လုပ်နည်းလုပ်ဟန်သည် အသက်ဆုံးရှုံးခြင်းဖြင့် နိဂုံးချုပ်ရမည့်အယူအဆမျိုး လုပ်နည်းလုပ်ဟန်မျိုးဖြစ်နေခြင်းပင်။

ကြိုးစား၊ မအောင်မြင်လျှင် သည့်ထက်သည့်ထက် ပိုကြိုးစားဟူသောနည်းသည် အမြဲသင့်တော်မှန်ကန်သည့် အဖြေနည်းလမ်းမဟုတ်ပါ။ သည်ဝါဒတစ်ခုတည်းကို အားကိုးပြုထားရုံဖြင့် သင်၏ဘဝရည်မှန်းချက်တွေထမြောက်အောင်မြင်လိမ့်မည်ဟု စိတ်ချယုံကြည်၍မရပါ။ စင်စစ်သည်လမ်းစဉ်ကို တရားသေကိုင်စွဲခြင်းကြောင့်ပင် ပြသနာတွေရင်ဆိုင်လာရနိုင်ပါသည်။

နည်းလမ်းကိုပြန်လှန်သုံးသပ်မှု မပြု၊ ပြုပြင်ပြောင်းလဲရန်လည်း မကြိုးစား၊ ဝီရိယကိုအမြင့်ဆုံးတတ်နိုင်လျှင်ရှိသမျှအတားအဆီးကို ဖောက်ထွက်ကျော်လွှားနိုင်ရမည်ဟူသောအစွဲဖြင့်ချည်း လုပ်ကိုင်သွားမည်ဆိုက မအောင်မြင်ရုံမက အောင်မြင်မည့် အခွင့်အလမ်းများစွာကိုပင် မိမိဘာသာဖျက်ဆီးပစ်မိနိုင်ပေသည်။ ကြိုးစားပါလျက် ဖောက်ထွက်၍မရသည့်အခါတိုင်း ယင်ကောင်ကိုသတိရပါ။

34
$ 0.32
$ 0.32 from @TheRandomRewarder
Avatar for MYOHTETLINN
3 years ago

Comments

.

$ 0.00
3 years ago

Gg

$ 0.00
3 years ago